Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းရှိန် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန် မှာကြား

ရန်ကုန် မတ် ၁၅

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ကြောင်း၊ CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုလျော့နည်းပပျောက်စေရေးအတွက် တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်အလုပ်သမားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ အိတ်ချုပ်စက်ရုံ Myanmar GiGi Leather Goods Manufactory Co., Ltd နှင့် အင်းစိန်မြို့နယ်ရှိ Kaixi (Myanmar) Fashion Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး CMP လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်ပြီး မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတိုရေရှည်အကျိုး ဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CMP လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာနများမှ စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက်ခံစားမှုလျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း မှာကြားခဲ့သည်။

သတင်းစဉ်