နေပြည်တော် မတ် ၁၅
ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်မည့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး၏ အခန်းကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူများကို သင်ကြားပေးမည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် နေပြည်တော်တွင် မတ် ၂၆ ရက်မှ ၂၈ ရက်အထိ ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရန် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ဧပြီလဆန်းပိုင်းတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နည်းပြသင်တန်းများ၊ ဆင့်ပွားဖွင့်လှစ်ပြီးနောက် စာရင်းကောက်ယူရရှိထားသည့် မြို့နယ်များတွင် စေတနာလုပ်အားပေးနည်းပြ၊ ကြီးကြပ်များ၏အင်အားဖြင့် စာသင်သားများကို စာတတ်မြောက်ရေး သင်ကြားပေးသွားရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာဝင်းဖေက စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်လှစ်ရေး လုပ်ငန်းစီမံချက် (အကျဉ်းချုပ်)ကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်