Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Ms. Ella Pamfilova နှင့်တွေ့ဆုံ

နေပြည်တော် မတ် ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ လေ့လာရန် မော်စကိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ရေးဗဟိုဌာန၌ ကျင်းပသည့် ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

ဆွေးနွေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ Ms. Ella Pamfilova နှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်တို့အကြား ချစ်ကြည်ရင်းနှီးစွာ ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်အရ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်