Skip to main content

အမျိုးသားရေးတာဝန်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်

ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံးတို့ကို ခြိမ်းခြောက်နေသော အန္တရာယ်အမျိုးမျိုးတို့တွင် မူးယစ်ဆေးဝါးအန္တရာယ်သည် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်သည်။ မူးယစ်ဆေးဝါးအမျိုးမျိုးသည် ဘိန်းကိုအခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုမှ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုများမှတစ်ဆင့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ ဒုစရိုက်မှု အမျိုးမျိုးမှသည် အကြမ်းဖက်တိုက်ခိုက်မှု စသည့်ဆိုးကျိုးများအထိ ဖြစ်နေသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုများသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံတော်၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိကြောင်း မြန်မာနိုင်ငံ၏ ဖြစ်ရပ်များနှင့် နိုင်ငံတကာ၏အခြေအနေများက သက်သေပြလျက်ရှိသည်။ မြန်မာနိုင်ငံ၏နယ်စပ်ဒေသအချို့တွင် ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုများ ရှိခဲ့ခြင်းသည် လက်နက်ကိုင်သောင်းကျန်းသူများ သက်ဆိုးရှည်ခြင်းနှင့် အင်အားကြီးမားလာခြင်း၏ အကြောင်းတစ်ခုဖြစ်ခဲ့သည့် အထောက်အထားများရှိသည်။ ထို့ကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဆက်စပ်အဖွဲ့အစည်းများက ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ၌ သောင်းကျန်းသူအဖွဲ့များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် တစိုက်မတ်မတ် လုပ်ကိုင်လျက်ရှိပြီး ယင်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရလမ်းများဖြစ်ကြသည့် ဆက်ကြေးကောက်ခံခြင်း၊ တိုက်ခိုက်လုယက်ခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုကို မကြာခဏတွေ့မြင်ရမည်ဖြစ်သည်။ ၎င်းအဖွဲ့၏ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်က ပြုစုသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မကြာသေးမီကပင် AA အဖွဲ့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ဖော်ထုတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်မကိုဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့တွင် AA အဖွဲ့ ပါဝင်ပတ်သက်သည်ကို ရှစ်ကြိမ်ခန့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိသည်ကို အခွင့်ကောင်းယူ၍ မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့သည် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုများနှင့် ဆက်စပ်ပတ်သက်သည့်ဖြစ်စဉ်များကို ဖော်ထုတ်ရရှိထားသည်။ အကြမ်းဖက်သောင်းကျန်းသူများ အင်အားတောင့်တင်းစေမည့် အထောက်အပံ့များတွင် မူးယစ်ဆေးဝါးသည် အဓိကအထောက်အပံ့ တစ်ခုဖြစ်သည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံများ တိုက်ဖျက်နေသည့်အချိန်တွင် မြန်မာနိုင်ငံမှ လက်နက်ကိုင်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုများကို ကမ္ဘာက သိရှိလာအောင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရမည်ဖြစ်သည်။ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှုများမှရရှိလာသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်း၊ အသုံးအဆောင် ပစ္စည်းများ ဝယ်ယူဖြည့်တင်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုကို ထိခိုက် ပျက်ပြားစေသည့်လုပ်ရပ်များ လုပ်ဆောင်နေမှုများအပြင် ပြည်တွင်း၌သာမက နိုင်ငံတကာသို့ပါ ပို့ဆောင်ဖြန့်ချိလျက်ရှိသည်။

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် သောင်းကျန်းသူအဖွဲ့များက အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ချိတ်ဆက်သယ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့နိုင်ငံများနည်းတူ လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် နိုင်ငံတော် ၏ လုံခြုံရေးအား ခြိမ်းခြောက်နေသည့်အခြေအနေများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အထူးစစ်ဆင်ရေးများဖြင့် တိုက်ဖျက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲ တိုက်ဖျက်လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် နိုင်ငံတည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွန့်တုံးအောင် အန္တရာယ်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်၏လုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည့် မူးယစ်ဆေးဝါးအန္တရာယ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများနှင့်လက်တွဲပူးပေါင်းကာ အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး အရှိန်အဟုန်မြှင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါကြောင်း။ ။