နေပြည်တော် မတ် ၁၄
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဦးစီးဌာနများမှ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရန်ကုန်/မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အမျိုးသားအဆင့် ပထမ(၅)နှစ်စီမံချက် (၂၀၁၉-၂၀၂၃) တွင် ဘဏ္ဍာရေးနှစ် အလိုက်ကလေးလုပ်သား စစ်တမ်းကောက်ယူပြီးစီးခဲ့မှုနှင့် တွေ့ရှိချက်များကို ဆွေးနွေးပြောကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအချိန် ဇယားရေးဆွဲရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ကွဲပြားမှုမဖြစ်ပေါ်စေရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ Pilot Project အဖြစ်ဆောင်ရွက်မည့် မြို့နယ်သတ်မှတ်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည့် အချက်များနှင့် စစ်တမ်းအစီရင်ခံစာပါ သုံးသပ်အကြံပြုချက်များအပေါ် စောင့်ကြည့်လေ့လာသုံးသပ်သွားရန်နှင့် အခက်အခဲနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်မှုအခြေအနေ၊ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်စီမံချက် (၂၀၂၄-၂၀၂၈)ရေးဆွဲထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်လုပ်ငန်း ကော်မတီအဖွဲ့ဝင်များက စစ်တမ်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုများနှင့် အကြံပြုချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်