နေပြည်တော် မတ် ၁၄
ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်းပြီး လက်ရှိအခြေအနေကို လေ့လာသိရှိကြရန် လိုအပ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ စစ်ပညာရပ်များ တတ်မြောက် ထားခြင်းဖြင့် လိုအပ်ပါက တိုင်းပြည်အတွက် ကာကွယ်ရေးအင်အားများ ရရှိမည်ဖြစ်ပြီး ရပ်ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ အမျိုးဘာသာ၊ သာသနာနှင့်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် နောက်ခံအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အခန်းအလိုက် ဥပဒေပုဒ်မများနှင့် ဆောင်ရွက်မှုအဆင့်ဆင့်နှင့် အခြားနိုင်ငံများတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းအကောင်အထည် ဖော်ဆောင်ရွက်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်