နေပြည်တော် မတ် ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကိုကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနတို့မှ အရာရှိကြီးများ၊ အရာထမ်း/အမှု ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ တာဝန်ခံများနှင့် ဝန်ထမ်းများက အွန်လိုင်းမှပါဝင် တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့၌ ကျင်းပခဲ့သော China-ASEAN Expo Tourism ပြပွဲသို့ တက်ရောက်ခဲ့မှုအခြေအနေများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းညွန့် ဦးဆောင်သောအဖွဲ့က လည်းကောင်း၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးစဉ်ဒေသများ အသိအမှတ်ပြု သတ်မှတ်ခြင်း အစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုအခြေအနေများကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးနိုင်ဦးဆောင်သော အဖွဲ့ တို့ကလည်းကောင်းသက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ စနစ်တကျရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် ဝန်ထမ်းများ၏အခန်းကဏ္ဍမှာ အရေးကြီးသဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယနေ့တင်ပြချက်များကိုသိရှိခြင်းဖြင့် မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များရရှိပြီး လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရာ၌ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံရှင်းလင်းခြင်းအခမ်းနားသို့ တက်ရောက်လာကြသော ဝန်ထမ်းများအနေနှင့် ဝိုင်းဝန်းမေးမြန်းဆွေးနွေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်