နေပြည်တော် မတ် ၁၄
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းဘူတာနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင် အမှတ်၊ ၁၂၀/၂-၃ ၌ မတ် ၁၃ ရက် ည ၁၂ နာရီက မိုင်းပေါက်ကွဲသံများကြားရသဖြင့် တောကျွဲအင်း-ကညွတ်ကွင်းလမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက ရထားလမ်းအား သွားရောက်စစ်ဆေးရာ တောကျွဲအင်း - ကညွတ်ကွင်းကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ကြားရှိ စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်းသစ်မှာ ပျက်စီးသွားခဲ့ပြီး သံလမ်း ၁၀ ပေခန့် ပြတ်ထွက်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ ရန်ကုန် - မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အစုန်/အဆန် လူစီးရထားများ၊ ကုန်ရထားများ သွားလာနိုင်မည်ဖြစ်ပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရကာ အဆိုပါစီမံကိန်းလမ်းအဖြစ် ဆောင်ရွက်နေသည့်အဆိုပါ အစုန်လမ်းပိုင်းပျက်စီးမှုကို အမြန်ဆုံးပြန်လည် ပြုပြင်သွားမည်ဖြစ်ပါသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်းအကြိမ်(၁၃၀) ၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၅၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့်ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေးရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်- မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာ စေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်