တပ်ကုန်း မတ် ၁၄
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယမန်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် အောင်သပြေကျေးရွာအုပ်စုတုံးချိုးကျေးရွာသို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလို
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသောအဖွဲ့သည် တုံးချိုးကျေးရွာ သီရိရတနာကျောင်းတိုက်၌ ကျေးရွာတာဝန်ခံ၊ ပြည်သူများနှင့်တွေ့ဆုံပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုဒေသသည် စိုက်ပျိုးရေးကဏ္ဍတွင် များသောအားဖြင့် လယ်ယာသီးနှံများ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းအောင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားသည်။
မျိုးစေ့များထောက်ပံ့
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် တုံးချိုးကျေးရွာပြည်သူများထံ ဆန်၊ ဆီ၊ ဆေးဝါး၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ရှေးဦးသူနာပြု (First Aidx Kid)ဆေးအိတ်၊ ကလေးကစားစရာများ၊ အစားအစာများနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီးဒေသခံ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးတို့ကို တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြပြီး ကျေးရွာတာဝန်ခံက ကျေးဇူးတင်စကား ပြောကြားကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေသခံပြည်သူများအား အသက်အပိုင်းအခြား အလိုက်ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တောင်သူများ၏နွားများကို လည်ချောင်းကွဲ ကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်းကျ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးများထိုးနှံပေး
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့သည် ညောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် သုံးလမ်းဆုံကျေးရွာ ဘုန်းတော်ကြီး ကျောင်းများသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်ထံဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်း ဆက်ကပ် လှူဒါန်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တောင်သူများ၏ နွားများအား လည်ချောင်းကွဲကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်းကျ ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်ပေးသည်။
မြို့နယ်(ပြန်/ဆက်)