Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် မတ် ၁၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သာဝတ္ထိအုပ်စု အင်းသာကျေးရွာ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ပန်းတင်ကျေးရွာနှင့် ပြောင်ခေါင်းကြီးကျေးရွာ ကျေးရွာ ချင်းဆက်လမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် သဲကောကြီးအခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေး၍ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာစစ်ဌာန ၄၇ ခုတွင် ယနေ့ ဓာတုဗေဒ ဘာသာရပ်ကို ဖြေဆိုရန် စုစုပေါင်း ၇၈၀၆ ဦး စာရင်းပေးသွင်းထားပြီး ၇၆၂၁ ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၆၃ ရာခိုင်နှုန်း၊ ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုရန် စုစုပေါင်း ၈၇၀ စာရင်း ပေးသွင်းထားပြီး ၈၀၀ ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ရွှေပြည်သာကျေးရွာ အုပ်စုကြံခင်းကျေးရွာအနီးရှိ ပလွေးချောင်းပိတ် ယာယီရေထိန်းဆည်မှ ဆိုလာရေတင်စနစ်ဖြင့် နွေသီးနှံ စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေစတင်ပေးဝေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ယာယီရေထိန်းဆည်မှ ဆိုလာ ရေတင်စနစ်ဖြင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရန် ဆိုလာရေတင် စက်ကိုစက်ခလုတ်နှိပ်၍ ရေစတင် ပေးဝေသည်။

ထို့နောက် နွေသီးနှံစိုက်ပျိုးရန် တောင်သူများ မြေပြင်ထွန်ယက် နေမှု၊ မြေပဲ၊ ဂေါ်ဖီ၊ ကြက်သွန်၊ ငရုတ်သီးနှံစိုက်ခင်းများကို ရေပေးဝေနေမှုနှင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပလွေးချောင်းပိတ် ယာယီရေထိန်းဆည်အနီး ရှင်းလင်းဆောင်၌ နွေသီးနှံစိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ယာယီရေထိန်းဆည် တည်ဆောက်မှု၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည်များကိုမှာကြားပြီး နွေသီးနှံစိုက်ပျိုးမည့် တောင်သူများကို နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ပလွေးချောင်းပိတ် ယာယီရေထိန်းဆည် တည်ဆောက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်