Skip to main content

နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် နည်းပညာများကို သင်ကြားပို့ချ

နေပြည်တော် မတ် ၁၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်စေရန် တတ်မြောက်လာသည့်နည်းပညာ ကိုအသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် နေ့စဉ်လူအများ မရှိမဖြစ်သုံးစွဲလျက်ရှိသော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချပေးသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို ကြိုးစားသင်ယူပြီး တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေးအတွက် ပြန်လည်အသုံးချနိုင်ရေးကြိုးစားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတော်က ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ MSME လုပ်ငန်းများအား ဖွံဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ပို့ချပေးသည့် ယခုသင်တန်းသည် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားသည်။

ယခုသင်တန်းကို မတ် ၁၄ ရက်မှ ၁၈ ရက်အထိ ငါးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ စုစုပေါင်း ၂၀ တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်