နေပြည်တော် မတ် ၁၄
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်ကုန်များတစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများ လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့ အတွက် ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ရက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
“ပေါင်းလောင်း - ကြို့ပင်သာ စစ်တောင်း မြစ်ကူး တံတား” သည် တံတားအရှည်ပေ ၆၀၀ ၊ တံတား အကျယ် ပေ ၂၀၊ လူသွားလမ်း တစ်ဖက်တစ်ပေစီရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ယက်မတပ်ဆင်အသုံးပြုထားသည့် တံတားအမျိုးအစားဖြစ်ကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် ၃၆ တန်အထိ ဖြတ်သန်းအသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခု ပေါင်းလောင်း - ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နိုင်မှုကြောင့် လယ်ဝေးမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင် ကျေးရွာ ၁၇ ရွာရှိ အိမ်ခြေ ၃၇၆၇ အိမ်၊ လူဦးရေ ၁၈၀၈၄ ဦးကို တိုက်ရိုက်အကျိုးပြုနိုင်မည်ဖြစ်သည့် အပြင် ကျေးရွာတောင်သူများ၏ ဒေသထွက်ကုန်၊ ထုတ်ကုန်များအား မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က ပေါင်းလောင်း- ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာရည်များပက်ဖျန်းကာ တံတားအား ဖြတ်သန်းကြည့်ရှုကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရုံးတောကျေးရွာသို့ သွားရောက်၍ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်း၏ အသင်းပိုင်မြေ ခုနစ်ဧကတွင် ရုရှားနေကြာမျိုးနှင့် မြန်မာနေကြာမျိုးများ စိုက်ပျိုးထားမှုကို လည်းကောင်း၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် စိုက်ပျိုးမြေဧက ၁၇၀ ကျော်တွင် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းနှင့် Myanmar Uni-Semi ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နေကြာ၊ ငရုတ်၊ ဖရဲ၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်း စတင်စိုက်ပျိုးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး နေကြာများရိတ်သိမ်းပြီးပါက နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးလိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားကြောင်း သတင်းရရှိသည်။
သတင်းစဉ်