Skip to main content

မစ္စတာ အန်တိုနီယို ဆာရီဖို အမ်ဘလို အား ဂီနီဘစ်ဆောသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

နေပြည်တော် မတ် ၁၅

မစ္စတာ အန်တိုနီယို ဆာရီဖို အမ်ဘလို အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဂီနီဘစ်ဆော သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် ဂီနီဘစ်ဆောသမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

မစ္စတာ အန်တိုနီယို ဆာရီဖို အမ်ဘလိုကို ၁၉၆၃ ခုနှစ် မေလ ၅ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၃ ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံ၊ ဗာနာမြို့ရှိ စီးပွားရေးတက္ကသိုလ်မှ ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၄ ခုနှစ်မှစတင်၍ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးအေဂျင်စီ၊ အမျိုးသားခရီးသွားလာရေးစီမံခန့်ခွဲမှုဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စွမ်းအင်၊ စက်မှုနှင့် သဘာဝသယံဇာတ ဝန်ကြီးဌာနဝန်ကြီးအဖြစ်လည်းကောင်း ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဂီနီဘစ်ဆောနိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဂီနီဘစ်ဆော နိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ အန်တိုနီယို ဆာရီဖို အမ်ဘလိုသည် အိမ်ထောင်ရှိပြီး သားသမီး (၃)ဦး ရှိသည်။

သတင်းစဉ်