နေပြည်တော် မတ် ၁၃
အာရှနှင့်ပစိဖိတ်ဒေသတွင်းရှိနိုင်ငံများ၏ ရုပ်သံနှင့်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Asia-Pacific Institute For Broadcasting Development-AIBD)အစီအစဉ်ဖြင့် ပြုလုပ်သော “ဒီမိုကရေစီနှင့် ၂၀၂၄ ရွေးကောက်ပွဲများဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ”ကို ယနေ့မွန်းလွဲပိုင်းက သီရိလင်္ကာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များက အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ အွန်လိုင်းဖြင့် တက်ရောက်လေ့လာကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ AIBD အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံမှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲကို ရွေးကောက်ပွဲ သတင်းတင်ဆက်ရာတွင် ပါဝင်သည့် သတင်းထောက်များနှင့် မီဒီယာသမားများ၏ အရည်အချင်းကို မြှင့်တင်ရန်၊ သတင်းမှားများ၏ ခြိမ်းခြောက်မှုနှင့် သတင်းမှားဖြန့်ဝေမှုများကို ဆန်းစစ်ဝေဖန်ပြီး နားလည်သဘောပေါက်မှုကို မြှင့်တင်ရန်၊ မီဒီယာနှင့် ဆိုရှယ်မီဒီယာတို့တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာမှုကို မြှင့်တင်ရန်၊ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြည်သူလူထုအား ပညာပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ကမ္ဘာ့လူဦးရေ၏ ၄၉ ရာခိုင်နှုန်းကျော်မဲပေးရန် စီစဉ်ထားသည့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်းအနည်းဆုံး ၆၄ နိုင်ငံတွင် ရွေးကောက်ပွဲများ၏ ရလဒ်များက ပြည်သူများအတွက် အကျိုးသက်ရောက်မှုရှိခြင်း၊ Journalism နှင့် ယုံကြည်စိတ်ချရသော သတင်းတင်ဆက်ခြင်း လိုအပ်မှုတို့ကို အရေးပါသော အချိန်များတွင် လွန်ကဲစွာမဖော်ပြသင့်ကြောင်း၊ AIBD သည် ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲအခင်းအကျင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေပြီး လိုအပ်သော ကျွမ်းကျင်မှုများနှင့် မီဒီယာသမားများ လေ့ကျင့်ပေးရန်ရည်ရွယ်ပြီး အွန်လိုင်းဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် AIBD သို့ ၁၉၉၇ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ သတင်းတု/ သတင်းမှား တိုက်ဖျက်ရေးနှင့် မီဒီယာသိနားလည်မှုဆိုင်ရာ သင်တန်းများ လက်ခံကျင်းပခြင်း၊ ပါဝင်တက်ရောက်ခြင်းများဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
သတင်းစဉ်