နေပြည်တော် မတ် ၁၃
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆုရွေးချယ်ရေးကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ASEAN-OSHNET ၏ သတ်မှတ်ချက်အရ ဆုရွေးချယ်ရေးလုပ်ငန်းစဉ်များတွင်ပါဝင်သည့် ပဏာမအဆင့် အကဲဖြတ်ခြင်းနှင့် ပဏာမအဆင့်အောင်မြင်သည့် စက်ရုံအရေအတွက်ပေါ်မူတည်၍ ကွင်းဆင်းစစ်ဆေးရေး အစီအစဉ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ASEAN-OSHNET ဆု ဝင်ရောက်ယှဉ်ပြိုင်သည့် စက်ရုံများမှ တင်ပြသော လျှောက်လွှာနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာမှတ်တမ်းများအပေါ် စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ဆုရွေးချယ်ရေးကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး၍ ပဏာမအဆင့်အောင်မြင်သည့် စက်ရုံများကို အတည်ပြုရွေးချယ်ခြင်း၊ ကွင်းဆင်းစစ်ဆေးမည့် လျာထားအစီအစဉ်အား ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပဏာမအဆင့် အောင်မြင်သည့် စက်ရုံများ ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လကုန်တွင် အပြီးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဧပြီလ ပထမရက်သတ္တပတ်တွင် အပြီးသတ်ဆုရွေးချယ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကဲဖြတ်ရွေးချယ်ခြင်းများကို ASEAN-OSHNET မှ သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ သေချာစွာ စိစစ်ဆောင်ရွက်သွားရန် အထူးတိုက်တွန်းပါကြောင်း ပြောကြားသည်။
၂၀၂၄ ခုနှစ်အတွက် ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ ၁၁ ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံကိုးရုံ လျှောက်လွှာတင်သွင်းခဲ့ပြီး ပဏာမအဆင့်အောင်မြင်သည့် စက်ရုံများမှာ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ ၁၀ ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံခြောက်ရုံဖြစ်ကြောင်း၊ မတ် ၁၈ ရက်မှ စ၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရန် လျာထားကြောင်း၊ ASEAN-OSHNET ဆုရွေးချယ်ခြင်းများကို ၂၀၁၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ရှစ်ရုံ၊ ၂၀၁၈ ခုနှစ်တွင် ၁၃ ရုံ၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၄ ရုံနှင့် ၂၀၂၂ ခုနှစ်တွင် ခုနစ်ရုံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စက်ရုံ ၂၀ အထိ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။
သတင်းစဉ်