နေပြည်တော် မတ် ၁၃
ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေသေချာသည့် ဒေသများကို ရွေးချယ်၍ ဆီထွက်သီးနှံ အထူးဇုန်များ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်ဧရိယာအလိုက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်ရရှိရေးနှင့် ဆီထွက်သီးနှံ အထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရိပ်သာ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဆီထွက်သီးနှံများ စိုက်ပျိုးရန် ဇုန်ဧရိယာများ လျာထားရာတွင် မြေအမျိုးအစားနှင့် သီးနှံအမျိုးအစား ရွေးချယ်သတ်မှတ်ခြင်း၊ ဆည်၊ ကန်၊ တမံအတွင်း သိုလှောင်ထိန်းသိမ်းထားသော ရေပမာဏနှင့် ရေသောက်စနစ်ရှိ မြောင်းလက်တံအလိုက် ရေပေးဝေနိုင်သော ဧရိယာများ၊ မြစ်ရေတင်များ၊ စက်ရေတွင်းများစသည့် ရေရရှိနိုင်မှုအပေါ် မူတည်၍ စိုက်ပျိုးမည့် သီးနှံ၊ ရေပေးဝေချိန်နှင့် ပေးဝေမည့် ရေပမာဏသတ်မှတ်ခြင်းကို သက်ဆိုင်ရာဌာနများ အားလုံးပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်၊ မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသအလိုက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးရန်၊ ရေပေးဝေရာတွင် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြေပြင်ကွင်းဆင်းလေ့လာဆောင်ရွက်ရန်၊ ဇုန်အလိုက် ရေပေးဝေမှုအပေါ် သီးနှံအထွက်နှုန်းကွာခြားချက်ကို လေ့လာမှတ်တမ်းတင်ပြီး နောက်ရာသီစိုက်ပျိုးချိန်တွင် ပြန်လည်အသုံးချနိုင်မည့် အချက်အလက်များ စုဆောင်းထားရှိရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
တင်ပြ
ထို့နောက် ဦးစီးဌာနများမှ တိုင်းဒေသကြီး ဦးစီးမှူးများက ဆီထွက်သီးနှံ အထူးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့် မန္တလေးတိုင်းဒေသကြီး၏ လယ်ယာအသားငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြပြီးဆီထွက်သီးနှံဇုန်တာဝန်ခံများက ဇုန်အလိုက် မြေပဲ၊ နှမ်း၊ နေကြာ မျိုးစေ့လိုအပ်ချက် ကြိုတင်ဆောင်ရွက်ထားရှိမှု၊ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုတို့ကို တင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးပြီး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်