နေပြည်တော် မတ် ၁၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းသား သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် ရုံးလုပ်ငန်းများကို ကျွမ်းကျင်နှံ့စပ်စွာ သိရှိနားလည်ခြင်းအားဖြင့် ဌာနအတွင်း လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ပြည်သူကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်ဖြစ်စေ ထိရောက်မှန်ကန် မြန်ဆန်စွာဖြင့် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်ကြသူများဖြစ်သည့်အတွက် အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးဆက်စပ်ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်သည်ကို မိမိတို့၏ အသိစိတ်မှ သိရှိမှတ်သားထားရန်နှင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်စေရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို လေ့လာမှတ်သားလိုက်နာပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လိုအပ်သလို အသုံးချဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူ တစ်ဦးတို့က လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်