Skip to main content

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ပုဂံခေတ်ရှေးဟောင်းရေလမ်းကြောင်းများ၊ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုစစ်ဆေး

နေပြည်တော် မတ် ၁၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေစီမံခန့်ခွဲမှုပညာရှင် Dr. Massimo Sarti နှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေလမ်းကြောင်းချိတ်ဆက်မှုများ၊ ပုဂံခေတ်ရေလမ်းကြောင်းများ၊ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဖျောက်ဆိပ်ပင်ကန် အမှတ် (၁)၊ (၂)၊ (၃)၊ သမ္ဘူလကန်၊ အမနာကန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် လေးမျက်နှာကန်၏ သဲစစ်ကန်ထိန်းသိမ်းမှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် ဇယဝေရီကန်မှ ပို့ကျသဲနုန်းများ ဆယ်ယူထိန်းသိမ်းမှုလုပ်ငန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် ပျားကြီးစွဲကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် မင်္ဂလာကန် (၃)တို့ကို ကြည့်ရှုစစ်ဆေးသည်။

စနစ်တကျဆောင်ရွက်

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ကန်များဆယ်ယူထိန်းသိမ်းရာတွင် မြေအောက်တွင်မမြင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံများ၊ အုတ်ရိုးတန်းများ တွေ့ရှိနိုင်သည့်အတွက် အထူးဂရုပြုအလေးထားဆောင်ရွက်သွားရန်နှင့် ရေကန်များတွင် ရေဝင်နိုင်စေရန်အတွက် မူလရေလမ်းကြောင်းနှင့် ချိတ်ဆက်၍ စနစ်တကျဆောင်ရွက်သွားရန်၊ ပုဂံသည် ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာများအနေဖြင့်လည်း အလားတူ ရှေးဟောင်းရေကန်များ ဆယ်ယူပြုပြင်ထိန်းသိမ်းရန်အတွက် သတိပြု၍ စနစ်တကျဆောင်ရွက်ပေးရန်လိုကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်၍ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များ လေလွင့်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်၊ အရည်အသွေးကောင်းမွန်သပ်ရပ်အောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်