Skip to main content

ပထမအကြိမ် ဘင်းမ်စတက် ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပ

နေပြည်တော် မတ် ၁၃

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည့် ပထမအကြိမ် ဘင်းမ်စတက် ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အစည်းအဝေး (The First Meeting of BIMSTEC Expert Group on Fisheries and Live-stock) ကို ယမန်နေ့ နံနက် ၉ နာရီ က Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

တက်ရောက်ဆွေးနွေး

အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးအတည်ပြု

အစည်းအဝေးတွင် သဘာ ပတိအဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက တာဝန်ယူဆောင်ရွက်ပြီး ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုများ၊ ငါးနှင့်တိရစ္ဆာန်ထွက်ကုန်များ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံအဆင့် စားနပ်ရိက္ခာဖူလုံရေး မဟာဗျူဟာများနှင့် မူဝါဒများဖွံ့ဖြိုးရေးတွင် ကောင်းမွန်သောကျင့်စဉ်များနှင့် အတွေ့အကြုံများ ဖလှယ်ရေးဆွေးနွေးတင်ပြကြကာ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းတာဝန်တို့ကို ညှိနှိုင်းဆွေးနွေး အတည်ပြုခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့ ၌ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပသော (၁၇) ကြိမ်မြောက် ဘင်းမ်စတက်ဝန်ကြီးများအစည်းအဝေး၏ ဆုံးဖြတ်ချက်အရဘင်းမ်စတက် ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ကဏ္ဍနှင့် ကဏ္ဍခွဲများကို ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၏ အတည်ပြုချက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ငါးလုပ်ငန်းကဏ္ဍသည် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍအောက်၌ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍခွဲဖြစ်လာပြီး မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်