Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၃

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆို နိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင် ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆၅၂၃ ရှိပြီး စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၀၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ကျောင်းသား ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေသန့်ဘူးများနှင့် အချိုရည်ဘူးများပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်