နေပြည်တော် မတ် ၁၃
ပညာရေးဝန်ကြီးဌာန၊ ရန်ကင်းပညာရေးဒီဂရီ ကောလိပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်ခန်းမ၌ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခချုပ် ဦးအောင်မြတ်စိုးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်က အဂတိလိုက်စားမှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အဟန့်အတားဖြစ်စေပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် အထိရောက်ဆုံးနည်းလမ်းမှာ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းတည်ထောင်ခြင်းဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးဟူသည့် ကဏ္ဍသုံးရပ်ဖြင့် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အဂတိလိုက်စားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိစေရန် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိပြီး နိုင်ငံအတွက် အားထားရသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်စေရန် ပြုစုပျိုးထောင်ပေးရာတွင် ဆရာ/ဆရာမများမှာ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ မိမိတို့တပည့်များအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် စည်းမျဉ်း၊ စည်းကမ်းလိုက်နာပြီး အများပြည်သူကို ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မျှော်လင့်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ကျင့်ဝတ်စံနှုန်းနှင့် ဖြောင့်မတ်တည်ကြည်မှုကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်လတ်ထွန်းက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။
သတင်းစဉ်