နေပြည်တော် မတ် ၁၃
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ(၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်
အစည်းအဝေးသို့ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဒုတိယအကြိမ် အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ၁၀ ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ရေး၊ ၂၀၂၃-၂၀၂၄ မိုးစပါးစိုက်ပျိုးမှုမှ စပါးထွက်ရှိသည့်အချိန်ဖြစ်သော်လည်း ဆန်ဈေးနှုန်းနှင့် စပါးဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေအပေါ် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်(MRF) တင်ပြထားသည့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း။
အလှည့်ကျရောင်းချပေး
ဗဟိုစာရင်းအင်းအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့က မြို့ကြီး ၂၂ မြို့တွင် ဖြစ်ပေါ်နေသည့် အဓိကကျသော စားသောက်ကုန်ပစ္စည်း ၁၄ မျိုးတို့၏ ဈေးနှုန်းစာရင်းများကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှစ၍ ကောက်ယူပြီး သုံးသပ်ချက်များ၊ ဈေးကွက်သတင်းများနှင့်အတူ နေ့စဉ်တင်ပြလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်ကုန်ဈေးနှုန်းကော်မတီများက ၂ ပတ်လျှင် ၁ ကြိမ် ပြည်ထောင်စုကော်မတီသို့ တင်ပြလျက်ရှိသည့်ဈေးနှုန်း စာရင်းများအရ အချို့သောတိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိအချိန်တွင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ဆန်နှင့် စားအုန်းဆီအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများနှင့် တက္ကသိုလ်သိပ္ပံကျောင်းများသို့ ဈေးကားများဖြင့် အလှည့်ကျရောင်းချပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများက သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အားလုံးပူးပေါင်းဆောင်ရွက်
စားသုံးဆီနှင့်စပ်လျဉ်း၍ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ရောင်းချခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စားသုံးဆီများဖြန့်ဖြူးရာတွင် စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းစဉ် (SOP) နှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ လက်လီ/ လက်ကား ဖြန့်ဖြူးရာတွင် သတ်မှတ်ခွဲတမ်းအတိုင်း ရောက်ရှိစေရေးနှင့် တာဝန်ရှိသူများ ကိုယ်တိုင်ပါဝင် ပတ်သက်မှုမျိုးမဖြစ်စေရေး၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချရေးတို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အရေးပါသည့်ကုန်ပစ္စည်းများ၏ ဈေးနှုန်းတည်ငြိမ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုကိုလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစားပေးခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် ကော်မတီများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်
ဆက်လက်၍ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌက (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ အရန်ဆန်များဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များ၊ စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များက မိမိတို့ဒေသအလိုက် စားသောက်ကုန်ပစ္စည်းထုတ်လုပ် မှုတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍနှင့် ဒေသအလိုက်ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်