Skip to main content

နိုင်ငံအနာဂတ် နှောင့်ယှက်ဖျက်ဆီးမှုများဆန့်ကျင်

နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတို့၏အနာဂတ်သည် ပညာရည်မြင့်မားမှုအပေါ်တွင် မူတည်သည်။ ပညာတတ်လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် တိုးတက်မွေးထုတ်ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မလွဲမသွေဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့၏အနာဂတ် တိုးတက်ကောင်းမွန်လာရေးအတွက် နိုင်ငံများက ပညာရေးတွင် အလေးထားရင်းနှီးမြှုပ်နှံကြသည်။ ပညာရေးကို အားပေးမြှင့်တင်နေကြသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တို့က ပညာရေးကို အားပေးမြှင့်တင်ပေးခဲ့ကြသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရေးအတွက် ပညာရေးကို အလေးထားဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေအမျိုးမျိုးတို့ကြောင့် ပညာရေးတွင် လိုအပ်ချက်အမျိုးမျိုးရှိခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်ပြီး တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ အပြောင်းအလဲဖြစ်ပေါ်လာသည့်အခါတွင် CRPH/ NUG အကြမ်းဖက်အဖွဲ့များက လူငယ်များအား လမ်းမှားပေါ်သို့ရောက်ရှိအောင် လှုံ့ဆော်စည်းရုံးဆောင်ရွက်ခဲ့ခြင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖန်တီးပေးပြီး တိုင်းပြည်အတွင်း ဆူပူအကြမ်းဖက်ဖျက်ဆီး နှောင့်ယှက်မှုများပြုလုပ်ခြင်း၊ အထူးသဖြင့် ပြည်သူများ၏ အနာဂတ်အတွက် ပညာသင်ကြားမှုကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖျက်ဆီးခြင်းများကို တစိုက်မတ်မတ်ပြုလုပ်ခဲ့ကြရာ ပညာသင်ကြားမှုအခွင့်အလမ်းများနှင့် ပညာရေးဆိုင်ရာ လူသားအရင်းအမြစ်များ ဆုံးရှုံးပျက်စီးခဲ့ရသည်။

တစ်ဆက်တည်းတွင် CRPH/ NUG အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က တိုင်းပြည်ပြိုကွဲပျက်စီးရေးကို ပူးပေါင်းကြံစည် လုပ်ကိုင်ဖျက်ဆီးလျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂတ်တိုးတက်ဖြစ်ထွန်းရေး၌ ကဏ္ဍပေါင်းစုံတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအနက် ပညာရေးကဏ္ဍ၌ ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ကြရာတွင် နိုင်ငံတော်၏အနာဂတ်၊ ပြည်သူများ၏အနာဂတ် အတွက်အားထားရမည့် မျိုးဆက်သစ်များ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးနစ်နာခဲ့ရခြင်းများသည် များစွာစိတ်မကောင်းဖွယ်ရာများဖြစ်သည်။

ယခုလက်ရှိအခြေအနေတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုအခြေအနေများအရ မျိုးဆက်သစ်လူငယ်များ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေရသည့် အခြေအနေများကို ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။ ၂၀၂၁ ခုနှစ် မတိုင်ခင်ကာလများက တက္ကသိုလ်ဝင်စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ခုနစ်သိန်း၊ ရှစ်သိန်း၊ ကိုးသိန်းဖြင့် တိုးတက်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှ စတင်၍ ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေးပယောဂအမျိုးမျိုး၊ အကြမ်းဖက်နှောင့်ယှက် ဖျက်ဆီးမှုအမျိုးမျိုးတို့ကြောင့် ပညာရေးကဏ္ဍတွင် အဟန့်အတားများဖြစ်ရပြီး ယခုတက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ တစ်သိန်းကျော်မျှရှိသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်ရသည်။ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ပညာတတ်များ ဆုံးရှုံးအောင်ပြုလုပ်ခြင်းသည် တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးခြင်းသာဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရေးအတွက် စာစစ်ဌာနများ ဖွင့်လှစ်နိုင်မှုနှင့် ဝင်ရောက်ဖြေဆိုမှုအခြေအနေများကိုကြည့်လျှင် တည်ငြိမ်အေးချမ်းမှုရှိသောဒေသများတွင် စာစစ်ဌာနများဖွင့်လှစ်နိုင်ပြီး ဖြေဆိုသူများပြားသည်ကို တွေ့ရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုမရှိသော ဒေသများတွင် ဖြေဆိုသူနည်းပါးသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ကယားပြည်နယ်တွင် စာစစ်ဌာနများ ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ကျောင်းသား ကျောင်းသူများ ပညာရေးအခွင့်အလမ်းများဆုံးရှုံးမှုမှာ စိတ်မကောင်းဖွယ်ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်သောင်းကျန်းမှုများ ဖြစ်ပေါ်နေသောဒေသများတွင် ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးနေသည်ကို သတိပြုနိုင်သည်။ လူငယ်လူရွယ်များ လမ်းမှားပေါ်သို့ ရောက်ရှိသွားကြသဖြင့် ပညာရေးအခွင့် အလမ်းဆုံးရှုံးမှုများလည်း ပါဝင်သည်။

သို့ဖြစ်ရာ တိုင်းပြည်အနာဂတ်၊ ပြည်သူများ၏ အနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့် ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးပျက်စီးအောင် ပြုလုပ်ခဲ့ကြသည့် နိုင်ငံရေးပယောဂအမျိုးမျိုးနှင့် အကြမ်းဖက်ဖျက်ဆီးမှုအမျိုးမျိုးတို့ကို မိမိတိုင်းပြည်၊ မိမိလူမျိုးအနာဂတ်အကျိုးကိုရှေးရှု၍ ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။