နေပြည်တော် မတ် ၁၂
ကရင်ပြည်နယ် မြဝတီမြို့အတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မတ် ၇ ရက် ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြဝတီမြို့ ရွှေမြစန္ဒီတိုးချဲ့ကွက်သစ်နေရာမှ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းရှိ ဒေါ်ဇင်မာထွန်း (ဘ) ဦးထွန်းကြည်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ဇင်မာထွန်းသည် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ၎င်း၏နေအိမ်အနီးတွင် နေထိုင်သည့် အမျိုးသား သုံးဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါသေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား လိုအပ်သည့် ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့/ ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများ ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်