Skip to main content

တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၁၂

မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းအီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရှမ်းအမျိုးသမီးငယ် ၃ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကချင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူ အသုံးပြုနေသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ပြီး ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများကို အတင်းအဓမ္မ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်လျက်ရှိရာ မတ်လ ၁၁ ရက်နေ့တွင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ နွမ်လန့်ကျေးရွာအနီးမှ လုံခြုံရေးတပ်စခန်းများကို လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့စဉ်တွင် အနီးဝန်းကျင်ရှိ ကျေးရွာများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင် ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ကာကွယ်ပေးရန်နှင် ဒေသခံပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားပြီး သွေးထိုးလှုံဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။