Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၃၀ ခု စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆၅၂၃ ရှိပြီး စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒဿမ ၈၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။