နေပြည်တော် မတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် တမာပင်ကျေးရွာအနီး မကျီးရိုးရေလွှဲဆည်လက်ဝဲမြောင်းရေသောက်စနစ်၊ တောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော သခွားမွှေးစိုက်ခင်းနှင့် တမာပင်ကျေးရွာရှိ ပုဂ္ဂလိကဥစားကြက် မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အကြံပြုဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်သားမြို့နယ်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြစ်သားမြို့နယ်အတွင်း စိုက်ပျိုးရေပေးဝေနိုင်ရေး၊ သက်တမ်းတိုစပါးမျိုး စိုက်ပျိုးနိုင်ရေး၊ နွေနှမ်းသီးနှံအချိန်မီတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံများစတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ စက်ကိရိယာများသုံးစွဲနိုင်ရေး ဆွေးနွေးမှာကြားသည်။
ဆွေးနွေးပြောကြား
ယင်းနောက် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နွေနှမ်းတိုးချဲ့စိုက်နိုင်ရေး၊ ရေသောက်ဧရိယာအားလုံး တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားတိုးမြှင့်နိုင်ရေး စံပြဇုန်တစ်ခုဖြစ်လာရန် ဒေသခံတောင်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြားပြီး နွေနှမ်းသီးနှံပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး ထွန်ယက်မြေပြင်နေမှုနှင့် တောင်သူဦးကျော်နိုင်ဦး၏ နွေစပါးဧရာတိုး ခြောက်ဧကစမ်းသပ်ကွက်ကို ကြည့်ရှုအားပေးသည်။
သတင်းစဉ်