နေပြည်တော် မတ် ၁၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒေသထွက်မူရင်းကုန်ကြမ်းများကို ထုတ်ကုန်အမျိုးအစားများအလိုက် လေ့လာဖော်ထုတ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ဆောင်ရွက်စေလိုကြောင်း၊ ပြည်တွင်းထုတ်ကုန်အားပေးမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်နေသည့်လုပ်ငန်းရှင်များ၊ ရင်းနှီးမတည်ငွေများကို အမှန်အကျိုးရှိရှိအသုံးချမည့် လုပ်ငန်းရှင်များဖြစ်စေရေး စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ ငွေထုတ်ချေးပေးမည့် MSME ချေးငွေစိစစ်လက်ခံရရှိမှုများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရသင့်ရထိုက်သည့် လုပ်ငန်းများရရှိစေရေးအတွက် စနစ်တကျစိစစ်၍ အချိန်မီဆက်လက်တင်ပြ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်တွင် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက MSME ချေးငွေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ MSME ချေးငွေစိစစ်လက်ခံထားရှိမှု၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန် ဦးစားပေးအမယ်များ အောင်မြင်အောင်ဆောင်ရွက်မည့်လုပ်ငန်းစဉ် Work Plan ရေးဆွဲထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်