Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (၁၀) နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပ

နေပြည်တော် မတ် ၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရည်မှန်းချက်ပါလုပ်ငန်းစဉ်များသည် ကြီးမားကျယ်ပြန့်သည့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်ရမည့်အပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကိုလည်း လိုက်နာရန်လိုကြောင်း၊ ကော်မရှင်ကျင့်ဝတ်ကိုလည်း အထူးအလေးထား လိုက်နာဆောင်ရွက်ရန်နှင့် ကော်မရှင်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ကျေညက်စွာသိရှိနားလည်ရမည့်အပြင် တစ်ဦးချင်းစီ၏ အရည်အသွေးများနှင့် စဉ်းစားတွေးခေါ်ဝေဖန်ဆန်းစစ်မှု တိုးတက်အားကောင်းလာစေရန် အမြဲမပြတ်လေ့လာသင်ယူကြရန်လိုကြောင်း။

ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်လာပါက ၎င်းတို့အတွက် ကောင်းမွန်သည့် ရလဒ်ကောင်းများ ဖြစ်ထွန်းလာမည့်အပြင် ကော်မရှင်အတွက် စွမ်းအားရှိသည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည့်အပြင် နိုင်ငံ့အကျိုးကိုဦးတည်၍ လုပ်ဆောင်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းများကိုလည်းကောင်း၊ အတွင်းရေးမှူးက အိမ်ရာ/ အဆောင်များအလိုက် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှု၊ သီးပင်၊ စားပင်များ စုပေါင်းစိုက်ပျိုးမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့အတွက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိခဲ့သည့် အိမ်ရာ၊ အဆောင်တာဝန်ခံများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအတွက် ဗလာမပါကံစမ်းမဲဖောက်ပေးခြင်းများ ဆောင်ရွက်ပေးကာ ညပိုင်းတွင် ဝန်ထမ်းများကို ဂုဏ်ပြုညစာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်