ပွင့်ဖြူ မတ် ၁၀
ရေပုတ်ကြီးရွာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင်ရှိပြီး ရေပုတ်ကြီးကျေးရွာမှ မောင်မယ်လေးများ၏ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော ဆံရစ်ဝိုင်းပုံ အလှတရားများကြောင့် မြန်မာနိုင်ငံတစ်နှံတစ်လျားရှိ သတင်းမီဒီယာ၊ ဓာတ်ပုံ၊ ရုပ်ရှင်ဂီတ၊ သတင်းစာဂျာနယ်အဆုံး လူသိများလာခဲ့ခြင်းဖြစ်သည်။
ရေပုတ်ကြီးရွာသည် ရှေးယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ လူသူအရောက်အပေါက် နည်းလှသည်။ လမ်းပန်းဆက်သွယ်ရေးက မကောင်း၊ လျှပ်စစ်မီးကလည်း မရရှိသည့်အပြင် ဒေသဖွံ့ဖြိုးရေးကပါ နိမ့်ကျလှသဖြင့် ကလေးငယ်များမှာ မူလတန်းအထိသာ ပညာသင်ကြားရပြီး အလယ်တန်းဆက်တက်ချင်ပါက ရွာနှင့်ရှစ်မိုင်ဝေးသည့် ရှောက်တောအထိ ကျောင်းသွားတက်ကြရသည်။
ရေပုတ်ကြီးကျေးရွာသည် အိမ်ခြေပေါင်း ၆၇၃ အိမ်ရှိပြီး အိမ်ထောင်စုပေါင်း ၇၀၄ စုနှင့် လူဦးရေ ၃၄၀၀ ကျော်ရှိကာ ဆံရစ်ဝိုင်းထားသူ ကလေးငယ် ၇၀၀ ကျော်ရှိ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြသော်လည်း မိုးတွင်းမှာသာ စိုက်ပျိုးနိုင်ကြပြီး ဆောင်းရာသီနှင့် နွေရာသီများတွင် ရွာကကုန်းမြင့်ဖြစ်ကာ ဆည်ရေမတက်သည့်အတွက် မစိုက်ပျိုးနိုင်ဘဲ မိရိုးဖလာရက်ကန်းလုပ်ငန်းများကိုသာ လုပ်ကိုင်ရ ကြောင်းလည်း သိရသည်။
၂၀၁၅ ခုနှစ်တွင် အလယ်တန်းကျောင်း စတင်ရရှိကာ ယင်းနောက်တွင် မြေနီလမ်း၊ လျှပ်စစ်မီးတို့ ရရှိလာခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် ရွာထိပ်ရှိ ရေကန်ကြီးအား တူးဖော်ထားပြီး ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းများလည်း ဆောင်ရွက်နေခြင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်းကျောင်း (ခွဲ) အထိ အဆင့်တိုးမြှင့်ရရှိခြင်းတို့ကြောင့် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်စနစ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာကာ ရေ၊ မီးနှင့် လမ်းများ ကောင်းမွန်လာသည့်အပြင် ပညာရေးပါ ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။
ထို့ကြောင့် ရွာ၏အရှေ့ဘက်တွင်ရှိသော ကန်ကြီး၏ ရေနှင့် ကြာတို့၏ လှပတင့်တယ်မှု၊ ရွာဦးထိပ်တွင်ရှိသောဘုရား၊ တန်ဆောင်း၊ ကျောင်းကန်များက ကျက်သရေမင်္ဂလာနှင့် ပြည့်စုံမှုရှိသည့်အပြင် ရွာမှ ကလေးငယ်များ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆံရစ်ဝိုင်းပုံ အလှတရားများရှိရာ ရေပုတ်ကြီးကျေးရွာသို့ ခရီးသွားပြည်သူများ မလွဲဧကန် အမှန်လှမ်းလာတော့မည် ဖြစ်ပါတော့သည်။
ဇေယျာထက်(မင်းဘူး)