Skip to main content

ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် မတ် ၁၀

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ နည်းပြများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အရေးပါသည့် အခန်းကဏ္ဍ

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်သစ်ဖြစ်သည့် KG+12 ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းတိုင်း၌ အရည်အသွေးမြင့် ကာယပညာ ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရေးသည် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် လစ်လပ်နေသည့် ကာယပညာ ဆရာ ဆရာမများကို ဖြည့်ဆည်းပေးနိုင်ရန် ကာယပညာနှင့် အားကစားအခြေခံနည်းပြ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်၍ ဒုတိယအလယ်တန်းပြ (ကာယ) ဆရာ ဆရာမများအဖြစ် ခန့်အပ်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) ကို ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်အစရှိသည့် အားကစားနည်း ခုနစ်နည်းအတွက် သင်တန်းသား ၃၁၅ ဦးကို ပို့ချသင်ကြားခဲ့ကြောင်း၊ နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်း တာဝန်ယူကြမည့် ကျောင်းသား ကျောင်းသူများကို ကိုယ်ရောစိတ်ပါကြံ့ခိုင်ကောင်းမွန်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာရန် ပြုစုပျိုးထောင်ပေးသည့်နေရာတွင် အရည်အသွေးမြင့် ကာယပညာ ဆရာ ဆရာမများ၏အခန်းကဏ္ဍမှာ အဓိကကျသည်ကို မမေ့လျော့ကြရန် အထူးမှာကြားလိုပါကြောင်း။

အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကြီးကို နှစ်စဉ်ကျင်းပပေးနေပြီဖြစ်၍ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ပါဝင်မည့်အားကစားနည်းများ၌ ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစားနည်းအလိုက် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုသင်တန်းက သင်ယူလေ့လာခဲ့သည့် အားကစားနည်းစနစ်များကို စနစ်တကျသင်ကြားပြသနိုင်သူ နည်းပြဆရာ ဆရာမ ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ သို့မှသာ အခြေခံပညာကျောင်းသားအားကစားပွဲတော်မှ ပေါ်ထွက်လာမည့် ထူးချွန်ထက်မြက်သည့် ကျောင်းသားအားကစားသမားများမှသည် နိုင်ငံတော်က အားထားရသည့် လက်ရွေးစင်အားကစားသမားများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်