နေပြည်တော် မတ် ၁၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး၊ ကျောက်ဖြူ၊ ရွှေဘို)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း၊ ပူတာအို၊ ကန့်ဘလူ၊ ခန္တီး၊ မော်လမြိုင်၊ သံတွဲ၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ လက်ပံတန်း၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ အင်းစိန်၊ ရွှေပြည်သာ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်) တို့၌ A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပကြသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ အသီးသီးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ကြားသင်ယူအောင်မြင်ခဲ့ကြသော A.G.T.I ဒီပလိုမာရရှိသူများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က Video Message ဖြင့် ဂုဏ်ပြုအမှာစကားပြောကြားရာ A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားများတွင် ဒီပလိုမာလက်မှတ်ရယူမည့် မောင်မယ်များကိုလှိုက်လှဲစွာဂုဏ်ပြုပါကြောင်းနှင့် မောင်မယ်များအနေဖြင့် မိမိတတ်မြောက်ထားသော နည်းပညာရပ်များကိုအသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ကျရာနေရာကပေးအပ်သည့်တာဝန်များကို စွမ်းအားရှိသမျှ ကြိုးစားပါဝင်ဆောင်ရွက်ရင်း အမိမြန်မာနိုင်ငံအပေါ် ကျေးဇူးသစ္စာစောင့်သိကာ ဗလငါးတန်နှင့်ပြည့်စုံသည့် ကိုယ်ကျင့်တရားများအပေါ် လေးစားကျင့်ကြံနေထိုင်တတ်သော၊ အနာဂတ်မြန်မာနိုင်ငံအတွက် စံပြုလေးစားထိုက်သည့် ကောလိပ်၊ သိပ္ပံများဂုဏ်ဆောင်သော အင်ဂျင်နီယာနည်းပညာရှင်များဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်း
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံအသီးသီး၏ A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားများကို ဆက်လက်ကျင်းပရာ A.G.T.I ဒီပလိုမာရရှိသူ စုစုပေါင်း ၁၅၂၆ ဦးကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက ဒီပလိုမာလက်မှတ်များ ချီးမြှင့်အပ်နှင်းကာ အမှာစကားများ ပြောကြားကြသည်။
စည်ကားသိုက်မြိုက်စွာ ကျင်းပ
အဆိုပါ A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒီပလိုမာယူမည့်မောင်မယ်များနှင့် ၎င်းတို့၏မိဘဆွေမျိုး မိတ်သင်္ဂဟများ၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများတက်ရောက်ကြပြီး A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်