ရန်ကုန် မတ် ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များမှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်သို့ရောက်ရှိပြီး စခန်းဝင်အားကစားသမားများ၏ လေ့ကျင့်နေမှုကိုကြည့်ရှုပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်၌ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် အားကစားနည်း ၁၂နည်း မှ အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် အားပေးစကားပြောကြားကာ ဆေးခန်း၊ စားရိပ်သာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး အထူးတန်းပွဲကြည့်စင်ပြင်ဆင်ထားရှိမှု၊ Synthetics ပြေးလမ်း၊ ဘောလုံးကွင်းနှင့် တည်ဆောက်ဆဲ လက်ဝှေ့အားကစားရုံ၊ အမျိုးသား / အမျိုးသမီး လေးထပ်အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လူငယ်အားကစားလေ့ကျင့် ရေးစခန်း(Youth Training Center) သို့ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Myanmar National League CEO ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများက လက်ရှိပြိုင်ပွဲကျင်းပနေမှုနှင့် ဖူဆယ်အားကစားနည်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် YTC ဝင်းအတွင်းရှိ အမျိုးသား / အမျိုးသမီး လေးထပ်အားကစားသမားအိပ်ဆောင်များ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်တို့၏ လေ့ကျင့်ရေးအားကစားရုံများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၌ အားကစားသမားများ My Whoosh Software ဖြင့် Electric Bike စီးနင်းလေ့ကျင့် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်