နေပြည်တော် မတ် ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဝန်ထမ်းများတက်ရောက်ကြသည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက (၁၄) နှစ်တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကော်မရှင်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ယခုလက်ရှိရွေးကောက်ပွဲ ကော်မရှင်၏ လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာကလက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများကို လိုအပ်သောထောက်ပံ့မှုများနှင့် ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်ခြင်းတို့နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပေးခဲ့သည့် အခြေ အနေများကို ရှင်းလင်းပြောကြားသည်။
ဂုဏ်ပြုဆုချီးမြှင့်
ယင်းနောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် စံပြထူးချွန်ဆု၊ ဒုတိယဆု၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသောဝန်ထမ်း ၁၂ ဦးနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းတွင် ပထမဆုရရှိသော ဝန်ထမ်းတစ်ဦးစုစုပေါင်းဝန်ထမ်း ၁၃ ဦးတို့ကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ငွေကျပ်သိန်း ၆၀ ခန့်တန်ဖိုးရှိ ဆုမဲများ ကံစမ်းမဲ ဖောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
သတင်းစဉ်