Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး တတိယနေ့ကျင်းပ

ရန်ကုန် မတ် ၁၀

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဆဋ္ဌအစည်းအဝေး၊တတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ယနေ့နံနက် ၈ နာရီတွင်ကျင်းပသည်။

တက်ရောက်ကြည်ညို

အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက ဆောင်ရွက်တော်မူသည်။

ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက်အောင်မြင်ကြောင်းနှင့် ယနေ့ဖြန့်ဝေဆက်ကပ်ထားသော အစီအစဉ်တွင်ပါရှိသည့်အတိုင်း အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့နှင့် နိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့ဝင်ဆရာတော် အပါး ၃၀ တို့အား နိုင်ငံတော်ဝိနည်းဓိုရ်လက်မှတ်များ ဆက်ကပ်တော်မူပြီး ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့နှင့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်ပညာရေးဗဟိုအဖွဲ့ ဆရာတော်များအား အသိအမှတ်ပြုလွှာများနှင့် အသိအမှတ်ပြုဂုဏ်ပြုလွှာများ ဆက်ကပ်သည်။

ယင်းနောက် အဋ္ဌမအကြိမ်နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့၊ ဆဋ္ဌအစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင်မှတ်တမ်းစာအုပ်ကြီး၌ ဩဝါဒါ စရိယဆရာတော်ကြီး ၁၅ ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်၊ ရွှေကျင်ဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ စတုဘုမ္မိကမဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း၊ ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း၊ ဓမ္မဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း၊ ဓမ္မာနု ဓမ္မမဟာဒွါရနိကာယဂိုဏ်း၊ ဝေဠုဝန်နိကာယဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်းစသည့် ဂိုဏ်းအသီးသီးနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ်ဆရာတော် ၁ ပါးစီတို့က လက်မှတ်ရေးထိုး ခြင်းတို့ ဆောင်ရွက်တော်မူကြသည်။

နိဂုံးချုပ်ဥယျောဇနကထာကို ဖတ်ကြား

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ သဘာပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသက နိဂုံးချုပ်ဥယျောဇနကထာကို ဖတ်ကြားတော်မူရာ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက နာယူတော်မူကြသည်။

ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များအားလုံးက “ဇယန္တော ဗောဓိယာမူလေ အစချီ ၂ ဂါထာကို ၃ ကြိမ် ရွတ်ဆို တော်မူကြပြီး “သာဓု ၃ ကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဆဋ္ဌအစည်းအဝေးကြီးကို ယနေ့နံနက်ပိုင်းတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစု၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း) ဇနီး ဒေါ်မြမြစန်း မိသားစု၊ အဂ္ဂ မဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း) ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ မဟာသရေစည်သူ (ဗိုလ်ချုပ်ကြီး စိုးဝင်း) (ငြိမ်း)ဇနီး ဒေါ်သန်းသန်းနွဲ့မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း) ဇနီး (ဒေါ်ကြည်ကြည် အုန်း) မိသားစု၊ ဇေယျကျော်ထင်ဗိုလ်ချုပ်တင်ငွေ (ငြိမ်း) ဇနီး ဒေါ်နန်းခင်လှဝင်း မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း) ဇနီး ဒေါ်မာလာတင့် မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး(ငြိမ်း) ဇနီး ဒေါ်ခင်နှင်းဝေမိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ် ကြီးမောင်ဘို) (ငြိမ်း) ဇနီး ဒေါ်ခင်လေးမြင့် မိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း) (ငြိမ်း)ဇနီး (ဒေါ်ခင်စန်းရီ) မိသားစုနှင့် မဟာသရေစည်သူဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း) ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုတို့က ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

သာသနာရေးဆိုင်ရာများ လျှောက်ထား

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော သန်လျင် မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ပဓာန နာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် အကျိုးတော်ဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသတို့သီတင်းသုံးရာ မဟာနာယကကျောင်းတော်ကြီးသို့ သွားရောက်၍ ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားဩဝါဒခံယူခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာသနာရေးဦးစီးဌာနပိုင် ပုံနှိပ်ထုတ်ဝေရေး ဌာနခွဲ၊ ကမ္ဘာအေးစာပုံနှိပ်တိုက်သို့သွားရောက်၍ ပုံနှိပ်စက်များ လုပ်ငန်းလည်ပတ်မှုအခြေအနေနှင့် လတ်တလောရိုက်နှိပ်ထုတ်ဝေမည့် သာသနာရေးဆိုင်ရာ စာအုပ် ၃၉ မျိုးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် ဓမ္မပါလကုန်းမြေရှိ စွယ်တော် မြတ်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို၍ စေတီတော်ဂေါပကအဖွဲ့နှင့် တွေ့ဆုံပြီး ဘဏ္ဍာငွေသုံးစွဲရာတွင် စနစ်တကျရှိစေရေးနှင့် စေတီတောမြတ်ကြီး သန့်ရှင်းသပ်ရပ်၍ ကြည်ညိုဖွယ်ဖြစ်စေရေးအတွက် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည်များ လုပ်သင့်လုပ်ထိုက်သည်များကိုဆောင်ရွက်၍ ထိန်းသိမ်းစောင့်ရှောက်ပေးရန်မှာကြားပြီး စေတီတော်ပရိဝုဏ်အတွင်းရှိ ကျောက်ပန်းတောင်းဓမ္မာရုံအား ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်