Skip to main content

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် အထင်ကရနေရာများအား သွားရောက် ဖူးမြော်လေ့လာ

နေပြည်တော် မတ် ၁၀

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း)အမျိုးသမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြ တပ်ခွဲတို့က ၂ သုတ်ခွဲ၍ လာရောက်ဖူးမြော် ကြည်ညိုကြသည်။

အဆိုပါ (၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ ဘုရားဖူးလာ စစ်ရေးပြစစ်ကြောင်းများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။ ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။

ထို့ပြင် အဆိုပါ စစ်ရေးပြစစ်ကြောင်းများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် သူရဲကောင်းဗိမာန်တို့ကို သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။