Skip to main content

ဒုတိယဝန်ကြီးများ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝန်ထမ်းအိမ်ရာများ၌ အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်မှု ရှိ/ မရှိ၊ တရားမဝင်သူများနေထိုင်မှု ရှိ/မရှိ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

မှာကြား

ဦးစွာ ဒုတိယဝန်ကြီးများသည် ဓနသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်နှင့် သုခသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက် ပြီး အိမ်ရာကြီးကြပ်သူ တာဝန်ခံဝန်ထမ်းများနှင့်တွေ့ဆုံ၍ အိမ်ရာပတ်ဝန်းကျင်သန့်ရှင်းရေး ပုံမှန်ပြုလုပ်သွားရန်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရန် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရန်၊ အိမ်ရာများတွင် မသက်ဆိုင်သူများ လာရောက်နေထိုင်ခြင်းမရှိစေရန်၊ ဧည့်စာရင်းမပျက်မကွက် တိုင်ကြားရန်၊ အခက်အခဲများရှိပါက အိမ်ရာကြီးကြပ်သူများမှ တစ်ဆင့်တင်ပြဆောင်ရွက်သွားကြရန်နှင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် မှာကြားသည်။

ထို့နောက် အိမ်ရာအလိုက် ဝန်ထမ်းမိသားစုများနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ရေ၊ မီး ရရှိမှု၊ အခန်းအလိုက် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် မိသားစုများ၏ ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်