Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အေလာအုပ်စုရွာသစ်ကျေးရွာအနီး ရုံးပင်ချောင်း အေလာယာယီ ရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းသီးနှံဧက ၂၂၀ အတွက် စိုက်ပျိုးရေစတင်ပေးဝေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လျှပ်စစ်ရေတင်စက်အား စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေပြီး ယာယီရေထိန်းဆည် တည်ဆောက်ထားမှု အခြေအနေနှင့် ယာယီရေထိန်းဆည်မှ စိုက်ပျိုးရေးအတွက် ရေပေးဝေမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရွာသစ်ကျေးရွာ အောင်သိဒ္ဓိ ဆုတောင်းပြည့်စေတီတော် ဓမ္မာရုံ၌ ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ မြေကို စနစ်တကျပြုပြင်သုံးစွဲရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ စိုက်နည်းစနစ်များ မှန်ကန်စွာ အသုံးပြုရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် သီးထပ်စိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးကြရန် ဆွေးနွေး မှာကြား၍ တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များသည် ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများကို ဆင်းရတနာ-၃ နှမ်းမျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း အေလာစာစစ်ဌာနသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် သော်မှော်ကုန်း ကျေးရွာအုပ်စု ကံသာကျေးရွာရှိ ဆုစံမြန်မာအားဖြည့် သဘာဝဩဂဲနစ်မြေဩဇာ ကုန်ထုတ်သမဝါယမအသင်းသို့ သွားရောက်၍ သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေများနှင့် GAP စနစ်ဖြင့် သရက်စိုက်ပျိုးထားရှိမှု ကို ကြည့်ရှုအားပေးကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စု သရက်ခုံကျေးရွာ ချောင်းမငယ်ဆည်ရေသောက် ကွင်းအမှတ် (၁၈၂၃)၌ နွေနှမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် အလေးထားဆောင်ရွက် ကြရန်မှာကြားကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများကို ဆင်းရတနာ-၃ နှမ်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်