Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် နွေရာသီသင်တန်း၊ ပုံနှိပ်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စာဆိုဗိမာန်တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၉

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုခန်းမ၌ ကျင်းပသော ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်း သင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက သင်တန်းဖွင့်အမှာစကား​ပြောကြားရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား ကျောင်းသူများအား ဗလငါးတန်ပြည့်ဝရေးအတွက် သင်တန်းများ ဖွင့်လှစ်မှုကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်အသိပညာပေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် မိဘပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့အင်အားများဖြစ်သည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သော၊ အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်အောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများအကြား စိုးရိမ်ပူပန်မှုများဖြစ်စေရန် ကောလာဟလနှင့် မဟုတ်မမှန် ထုတ်လွှင့်ရေးသား ဖော်ပြနေကြသည်များကို သတိထားဆင်ခြင် ကြရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို သေချာလေ့လာပြီး နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ကြရန် တာဝန်ရှိကြောင်း၊ နိုင်ငံတကာတွင်လည်း ဆောင်ရွက်နေကြကြောင်း၊ လိုအပ်ချက်အရ ပြဋ္ဌာန်းဆောင်ရွက်ရခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနက် လိုအပ်သလောက်ကိုသာ စစ်မှုထမ်းရန်နှင့် လတ်တလော အမျိုးသမီးများအား စစ်မှုထမ်းရန်ခေါ်ယူမည့် အစီအစဉ်မရှိသေးကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိနေသည်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည့် အခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးနည်းသင်တန်းတွင် လောကနတ်ဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးအေးမင်းအဖွဲ့က လေ့ကျင့်သင်ကြားပြသပြီး မြို့နယ်ဌာနဆိုင်ရာများမှ သင်တန်းသား ၂၉ ဦး တက်ရောက်လျက်ရှိသည်။ အခြေခံပုံတူရေးဆွဲနည်း သင်တန်းတွင် မြို့နယ်ပန်းချီပန်းပုအစည်း အရုံးအတွင်းရေးမှူး ဦးရူပါအဖွဲ့က သင်ကြားပေးပြီး ကျောင်းသား ကျောင်းသူ ၃၀ တက်ရောက်ကြကာ အဆိုပါသင်တန်းများကို မတ် ၈ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ၌ ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ပြီးစီး၍ ပုံနှိပ်စက်များ ကြံ့ခိုင်ရေးဆောင်ရွက်နေမှု၊ ချုပ်လုပ်ထုပ်ပိုးခြင်းများ အပြီးသတ်ဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ပုံနှိပ်အရည်အသွေးကောင်းမွန်ရေး၊ ကုန်ကြမ်းများ အလေအလွင့်မရှိစေရေး၊ စက်များကြံ့ခိုင်ရေး ဆောင်ရွက်ရာတွင် စနစ်တကျစစ်ဆေးပြီး အမှားအယွင်းမရှိအောင် ဆောင်ရွက်ရေး၊ သန့်ရှင်းရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို သတိပြုကြတ်မတ်ဆောင်ရွက်သွားကြရန် မှာကြားသည်။

ဆက်လက်၍ ဗဟိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး နိုင်ငံတော်ပြန်တမ်းများ ပုံနှိပ်ချုပ်လုပ်နေမှု၊ ဌာနဆိုင်ရာများမှ အပ်နှံသော ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကုန်ကြမ်းပစ္စည်းများ ထားသိုမှုတို့ကို စစ်ဆေးကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ရှိ စာဆို ဗိမာန် တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီး ကြိုတင်စီစဉ်ဆောင်ရွက်ရန် ရှိသည်များကို မှာကြားသည်။

ထို့နောက် စာပေဗိမာန် စာအုပ်အရောင်းဆိုင်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ စာအုပ်ဝယ်ယူသူများ၏ ဆန္ဒကို အတတ်နိုင်ဆုံး ပြည့်ဝအောင် ဝန်ဆောင်မှုကောင်းများဖြင့် ဆောင်ရွက်ပေးကြရန် မှာကြားသည်။

သတင်းစဉ်