ရန်ကုန် မတ် ၉
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက် အောင်မြင်ကြောင်းနှင့် ယနေ့ဖြန့်ဝေဆက်ကပ်ထားသော အစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေးကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင် ခံစာနှင့်ပတ်သက်၍ ဝိနိစ္ဆယရေးရာကဏ္ဍတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် ဓမ္မာစရိယအဂ္ဂမဟာအကျော် ဥဘတောဝိဘင်္ဂဓရ ဘဒ္ဒန္တပညာဝံသ၊ စစ်ကိုင်းတိုင်း ဒေသကြီးကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဇယန္တ၊ ရခိုင်ပြည်နယ်ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကလျာဏတို့ကလည်းကောင်း၊ သာသနာရေးရာကဏ္ဍတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသောဘိတ၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိစ္စ၊ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသတို့ကလည်းကောင်း၊ ပညာရေးရာကဏ္ဍတွင် မကွေးတိုင်းဒေသကြီးကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တကလျာဏ၊ ကချင်ပြည်နယ်ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ၊ ကရင်ပြည်နယ် ကိုယ်စားလှယ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာနန္ဒတို့ကလည်းကောင်း ဆွေးနွေးတော်မူကြပြီး နံနက်ပိုင်းအစည်းအဝေးကို ရပ်နားသည်။
အတည်ပြုချက်ရယူ
မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက ပြန်လည်ရှင်းလင်းလျှောက်ထား၍ အတည်ပြုချက်ရယူသည်။
ယင်းနောက် အခမ်းအနားမှူးဆရာတော်က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ရွေးချယ်တင်မြှောက်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အစားထိုးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ကို နိုင်ငံတော်ဩဝါဒါစရိယဆရာတော်များ ဖြစ်တော်မူကြသော အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသအဖွဲ့ဝင်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာ ဘိဝံသအဖွဲ့ဝင်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇန ပီယအဖွဲ့ဝင်၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိဿုတအဖွဲ့ဝင်၊ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မအဖွဲ့ဝင်နှင့် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ အကျိုးတော်ဆောင်အဖြစ် ဖွဲ့စည်းထားပါကြောင်း လျှောက်ထား၍ ကြီးကြပ်ရေးအဖွဲ့ထံ အခမ်းအနားကို လွှဲအပ်တော်မူသည်။
ဩဝါဒကထာ မြွက်ကြား
ဆက်လက်၍ ကြီးကြပ်ရေးအဖွဲ့က အခမ်းအနားကို လက်ခံရယူပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ရွေးချယ်ပွဲအခမ်းအနားကို ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအရိယာလင်္ကာရက သဘာပတိအဖြစ် ဆောင်ရွက်တော်မူ၍ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တတေဇနိယက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာလျှောက်ထားပြီး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာပတိဘဒ္ဒန္တအရိယာလင်္ကာရက ဩဝါဒကထာ မြွက်ကြားတော်မူသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်များ ရွေးချယ်ခဲ့မှုများနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တတေဇနိယက ရှင်းလင်းလျှောက်ထားတော်မူပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကို အဆိုတင်သွင်းမည့်အဆိုရှင်ကို ဖိတ်ခေါ်ရာ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရက လစ်လပ်လျက်ရှိသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဥက္ကဋ္ဌ နေရာအတွက် ရွေးချယ်ရာတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်ဆရာတော်သည် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည့် အစဉ်အလာအရ ပရိယတ္တိ ဝိသာရဒဂုဏ်၊ ပိဋကတ္ထယဆေကဂုဏ်၊ ပိယဂုဏ်၊ ဂရုဂုဏ်၊ ဘာဝနီယဂုဏ်၊ ဗျတ္တပဋိဗလဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သက်တော်(၇၇)နှစ်၊ သိက္ခာတော် (၅၇) ဝါရှိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်ပေးတော်မူပါရန် အဆိုတင်သွင်းသည်။
ယင်းအဆိုတင်သွင်းခြင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့ ပညာမဏ္ဍိုင်ပရိယတ္တိစာသင်တိုက်မှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာဝုဓကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် ဓမ္မပါရဂူကျောင်းတိုက်မှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာပါလကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဒလနွမ်းကျေးရွာ ဒလနွမ်းကျောင်းမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် သာသနဓဇ ဓမ္မာစရိယ၊ သာသနတက္ကသီလ ဓမ္မာစရိယ၊ B.A ဘဒ္ဒန္တဩဘာသကလည်းကောင်း၊ ဆရာတော်ဘဒ္ဒန္တ ဂုဏာလင်္ကာရ အဆိုပြုသော သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ လက်ရှိအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးနှင့်တွဲဖက်၍ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ရှစ်နှစ်တိုင်တိုင် သံဃာ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက်ပြုခဲ့သည်ကို ထောက်ဆ၍လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ လက်ရှိအကျိုးတော်ဆောင်သည် နိုင်ငံတော်အစိုးရနှင့် ဆရာဒကာ လက်တွဲညီစွာ သံဃာ့အဖွဲ့အစည်းကြီး ညီညွတ်ရေးနှင့် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို နှစ်ရှည်လများ ဆောင်ရွက်တော်မူခဲ့သည့်အပြင် မြန်မာနိုင်ငံရှိ သံဃာထုတစ်ရပ်လုံးသာမက ထေရဝါဒနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများကပါ အလေးဂရုပြုလေးစားကြည်ညိုမှုကို ခံယူရရှိတော်မူသော ကြောင့်လည်းကောင်း၊ သက်တော် (၇၇)နှစ်၊ သိက္ခာ တော် (၅၇)ဝါရှိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာ တော်အဖြစ် ရွေးချယ်တင်မြှောက်ရန် ထောက်ခံကြရာ ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် အခမ်းအနားမှူးဆရာတော်က ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော်ကိုယ်စား သံဃာ့ဆန္ဒရယူ၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် အတည်ပြုပေးတော်မူသည်။
အတည်ပြုပေးတော်မူ
ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့်အတူ လက်တွဲသာသနာပြုမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့တွင် လစ်လပ်သွားသော အကျိုးတော်ဆောင် ဆရာတော်နေရာအတွက် အဆိုတင်သွင်းပေးရန် ဖိတ်ခေါ်ခဲ့ရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်အဖြစ် အဆိုတင်သွင်းတော်မူပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ပါဠိကာရီတုလွတ်ကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသက ထောက်ခံတော်မူကာ ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် အခမ်းအနားမှူး ဆရာတော်က ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော်ကိုယ်စား သံဃာ့ဆန္ဒရယူ၍ အတည်ပြုပေးတော် မူသည်။
ဆက်လက်၍ အစီအစဉ်အရ ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် အခမ်းအနားမှူးဆရာတော်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း လျှောက်ထားတော်မူသည်။
ထို့နောက် အစီအစဉ်အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး ဆက်လက်ကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ အကျိုးတော်ဆောင် အခမ်းအနားမှူးဆရာတော်က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ထံ အခမ်းအနား ပြန်လည်လွှဲအပ်တော်မူ၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် အခမ်းအနားမှူး ဆရာတော်ဘဒ္ဒန္တပညာဓဇက ပြန်လည်လက်ခံရယူတော်မူပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယနေ့ အစည်းအဝေးကို ရပ်နားသည်။
ဆက်ကပ်လှူဒါန်း
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် မိခင်ကြီး ဒေါ်တင်ဝင်းရီကို အမှူး ထား၍ (ဦးမောင်မောင်ဆွေတင်) ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါက်တာမြသီတာဆွေတင် မိသားစုနှင့် ဦးဌေးနိုင်၊ ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ရီမိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်