Skip to main content

နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့်တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်

နေပြည်တော် မတ် ၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တည်ဆောက်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံခြောက်ခုနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုးခုတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက လက်ရှိ ၂၀၂၄ ခုနှစ် နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas + Coal) မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ မဂ္ဂါဝပ် ၃၀၇၀ (၁၇) ရာနှုန်းအထိ ဆောင်ရွက်ရန်လျာထားပါကြောင်း၊ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အား စနစ်၏ အခြေခံဝန်အား (Base Load) အနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက် (National Electricity Master Plan) ၏ နှစ်အလိုက်ဓာတ်အားလိုအပ်ချက် တိုးတက်လာမည့် အခြေအနေများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုသည် ကိုးရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပါကြောင်း။

သို့ပါ၍ နိုင်ငံတော်နှင့်ပြည်သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေး ယနေ့တက်ရောက်လာကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရန်နှင့် မိမိတို့မှလည်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးရန်အတွက် ပွင့်ပွင့်လင်းလင်းတင်ပြကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်အတွက် နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိကကုမ္ပဏီများကလည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တည်ဆောက်ပြီးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံခြောက်ရုံနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုးခုတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လုပ်ငန်းအခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည့် ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုရသင်တန်းသားများကို ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်