Skip to main content

ကြိမ်နှင့်ဝါးထုတ်ကုန်ပစ္စည်းများ ပြည်တွင်း/ပြည်ပရောင်းဝယ်နိုင်ရန် အရည်အသွေးမီကုန်ကြမ်းများ ရေရှည်ရရှိနိုင်ရန် လိုအပ်

နေပြည်တော် မတ် ၈

မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့ရှိ AFoCO RETC သင်တန်း ကျောင်း၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်ပြီး ကြိမ်နှင့်ဝါး သယံဇာတအရင်းအမြစ်များနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ကြိမ်မျိုးစု ၁၂ မျိုးနှင့် မျိုးစိတ် ၅၅၀ ရှိပြီး မြန်မာနိုင်ငံတွင် ကြိမ်မျိုးစု ခြောက်မျိုးနှင့် မျိုးစိတ် ၃၂ မျိုး ပေါက်ရောက်သည့်အတွက် ကမ္ဘာ့ကြိမ်မျိုးစိတ်အရေအတွက်၏ ၆ ရာခိုင်နှုန်းခန့် ပျံ့နှံ့ပေါက်ရောက်လျက်ရှိပြီး ကမ္ဘာပေါ်တွင် ဝါးမျိုးစုပေါင်း ၇၅ မျိုး၊ ဝါးမျိုးစိတ်ပေါင်း ၁၂၅၀ ခန့် ပေါက်ရောက် ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး ပေါက်ရောက်ပြီး ကမ္ဘာ့ဝါးမျိုးစိတ် အရေအတွက်၏ ၈ ရာခိုင်နှုန်း ပျံ့နှံ့ပေါက်ရောက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။

ကြိမ်နှင့်ဝါး ထုတ်ကုန်ပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပ ရောင်းဝယ်မှု ပြုလုပ်နိုင်ရန် အရည်အသွေးမီကုန်ကြမ်းများ ရေရှည်ရရှိနိုင်ရန် လိုအပ်ကြောင်း၊ အရည်အသွေးမီကြိမ်နှင့် ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရန်အတွက် သဘာဝတောများမှ ရနိုင်သည့် ကြိမ်နှင့် ဝါးကုန်ကြမ်းများကို စနစ်တကျထုတ်ယူသုံးစွဲသည့် နည်းအပြင် စိုက်ခင်းများ တည်ထောင်ပြီး စနစ်တကျပြုစုထိန်းသိမ်းထုတ်ယူသုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကြိမ်နှင့်ဝါးစိုက်ခင်းများ တည်ထောင်သည့် နေရာတွင်လည်း မြေနေရာရရှိနိုင်မှု၊ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအရင်းအနှီး၊ စိုက်ခင်းဆိုင်ရာပျိုးထောင်၊ စိုက်ပျိုး၊ ပြုစုသည့်လုပ်ငန်းများအတွက် နည်းပညာများလည်း လိုအပ်ချက်များရှိလာမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမည့် မြန်မာ့ကြိမ်နှင့်ဝါး အခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ပတ်သက်သူများအားလုံး ကိုဖိတ်ကြားပြီး ကြိမ်နှင့် ဝါးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသူများအချင်းချင်း အတွေ့အကြုံများဖလှယ်နိုင်ရန်၊ ကြိမ်နှင့် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးမီ ကုန်ကြမ်းများစဉ်ဆက်မပြတ် ရရှိနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုရရှိရေး၊ ထုတ်ကုန်ဆိုင်ရာနည်းပညာနှင့် စက်ကိရိယာ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စများညှိနှိုင်းပေါင်းစပ် အကြံပြုနိုင်ရန်၊ ကြိမ်နှင့် ဝါးတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်ပြီး ကြိမ်နှင့် ဝါးထုတ်ကုန်ပစ္စည်းများ ပြည်တွင်း/ ပြည်ပဈေးကွက် ရရှိနိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေး/အကြံပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်