Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး ပထမနေ့ ကျင်းပ

ရန်ကုန် မတ် ၈

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးမစတင်မီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်ကြီးများအား နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။

အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိဆရာတော်အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟ နာဒက အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။

ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။ ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်အားလုံးက “သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော ၂ ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ဖွင့်လှစ်တော်မူကြသည်။ ယင်းနောက် အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးကျင်းပမည့် ၁၃၈၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁၃၊ ၁၄ ရက်၊ တပေါင်းလဆန်း ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ မတ် ၈၊ ၉၊ ၁၀ ရက်များအတွက် အစည်းအဝေးအစီအစဉ်များကို လျှောက်ထားပြီး အတည်ပြုချက်ကိုရယူ၍ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၏ ဩဝါဒကထာများကို နာယူကြသည်။

ဆက်လက်၍ အစည်းအဝေးသဘာပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။

(နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ၏ သာရဏီယဩဝါဒကထာကို စာမျက်နှာ ၇ တွင် သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် ၁၃၈၄ ခုနှစ်၊ တပေါင်းလမှ ၁၃၈၅ ခုနှစ် ယနေ့အထိ တစ်နှစ်တာကာလအတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်ခြင်း၊ အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းများကို အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ကိုယ်စား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ တွဲဖက်အကျိုး တော်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထား၍ နံနက်ပိုင်း အစည်းအဝေးကိုရပ်နားသည်။

မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး ၁၃၈၄ ခုနှစ် တပေါင်းလမှ ယနေ့အထိ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသကိုယ်စား တွဲဖက်အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထားသည်။

ဆက်လက်၍ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်းရာ ဝိနိစ္ဆယရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာ လင်္ကာရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တသုစိတ္တက လည်းကောင်း၊ ပညာရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိလာသာ ဘိဝံသကလည်းကောင်း ဖတ်ကြားတင်သွင်း လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များက တင်ပြလာသော အကြံဉာဏ်များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒနှင့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညတို့က ရှင်းလင်းပြန်ကြားလျှောက်ထားခဲ့ပြီးမွန်းလွဲပိုင်းတွင် ပထမနေ့အစည်းအဝေးကို ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဦးသိန်းမောင် ဇနီးဒေါ်ပါးပါး စန္ဒီပရဆေးမိသားစု၊ အမှတ် ၂၄၀၊ ကုန်ဈေးတန်းလမ်း၊ ရန်ကုန်မြို့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်