Skip to main content

ဆီဆိုင်မြို့ကို တပ်မတော်က ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို မတ်လ ၆ ရက်နေ့က တပ်မတော်မှဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မတ်လ ၆ ရက်နေ့က ဆီဆိုင်မြို့တွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိပါ။ ထို့အပြင် တပ်မတော်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းများအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခြင်းများနှင့် ဓာတုအဆိပ်ငွေ့ ဗုံးများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများမှ မတ်လ ၇ ရက်နေ့က ဆီဆိုင်မြို့အတွင်းသို့ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူများထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။