Skip to main content

(၂၇) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၇

(၂၇) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (27th ASEAN Senior Level Committee Meeting for Financial Integration)ကို ယနေ့တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် အဆင့်မြင့်အရာထမ်းများက Virtual ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေး၏ ပူးတွဲသဘာပတိများဖြစ်ကြသည့် လာအိုနိုင်ငံဗဟိုဘဏ်နှင့် စင်ကာပူနိုင်ငံငွေကြေးအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားကြသည်။

ထို့နောက် လာအိုနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အကျဉ်းချုပ်အချက်အလက်များကို လာအိုနိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူကရှင်းလင်းတင်ပြပြီး အာဆီယံ + ၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macro economic Research Office-AMRO) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ASEAN Development Bank - ADB) တို့မှ ကမ္ဘာတစ်ဝန်းနှင့်ဒေသတွင်း၌ လက်ရှိဖြစ်ပေါ်နေသော မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Cooperation-AEC) ဆိုင်ရာ လုပ်ငန်းစဉ်များအောက်၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အာဆီယံဘဏ်လုပ်ငန်း‌ ပေါင်းစည်းရေးမူဘောင် လုပ်ငန်းကော်မတီနှင့် အာဆီယံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လုပ်ငန်းကော်မတီတို့၏ ပူးတွဲသဘာပတိများက ASEAN Interoperable Data Framework နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေကိုရှင်းလင်းတင်ပြကြပြီး ဒေသတွင်းငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေကို အာဆီယံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လုပ်ငန်းကော်မတီ၏ ပူးတွဲသဘာပတိနှင့် BIS Innovation Hub Singapore Centre တို့က ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အာဆီယံဘဏ်လုပ်ငန်း ပေါင်းစည်းရေးမူဘောင် (ASEAN Banking Integration Framework - ABIF)၊ ငွေလုံးငွေရင်း စာရင်းလွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization - CAL)၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်‌‌ရေး (Capital Market Develop-ment - CMD)၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion - FINC)၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး (Financial Services Liberalization - FSL)၊ ငွေ‌ပေးချေမှုနှင့် စာ‌ရင်းရှင်းလင်းမှုစနစ် (Payment and Settlement System - PSS)၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကြီးကြပ်ထိန်းကျောင်းမှုကော်မတီ (Stee-ring Committee on Capacity Building - SCCB) တို့နှင့်စပ်လျဉ်းသည့် နောက်ဆုံးတိုးတက်မှုအခြေအနေကို လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အာဆီယံဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း ကော်မတီများကတင်ပြခဲ့သည့် Risk Monitoring Template (RMT) ကို အခြေခံ၍ ရေးဆွဲထားသော Risk Monitoring Report နှင့်စပ်လျဉ်း၍ အစည်းအဝေး၏ ပူးတွဲသဘာပတိများက ဆွေးနွေးကြသည်။

ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့ (SLC Task Force) အောက်ရှိ ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းနိုင်ရေး(Sustainable Finance) နှင့်စပ်လျဉ်း၍လည်းကောင်း၊ လာအိုနိုင်ငံဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များ မျှဝေခြင်းအစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform - CRISP) နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်က အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement - ASA) နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ငွေလုံးငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေး လုပ်ငန်းကော်မတီ၏ ပူးတွဲသဘာပတိများက အာဆီယံဒေသတွင်းနိုင်ငံများ၏ ငွေကြေးများဖြင့် လွှဲပြောင်းပေးချေမှုများဆိုင်ရာမူဘောင် (ASEAN Local Currency Transaction-LCT Framework) (မူကြမ်း) နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (၂၇)ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး၏ ပူးတွဲသဘာပတိများဖြစ်သည့် စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့နှင့် လာအိုနိုင်ငံဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်