နေပြည်တော် မတ် ၇
နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် စားရေရိက္ခာနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လယ်ယာမြေကို ထိရောက်စွာအသုံးပြုရန်လိုအပ်ကြောင်း၊ နေပြည်တော်အတွင်းရှိ လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးချနိုင်ရေးအတွက် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက နေပြည်တော်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဆုံးဖြတ်ရန်အချက်များကို တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်