Skip to main content

အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၃၉) ကျင်းပ

နေပြည်တော် မတ် ၇

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၃၉)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

တိုက်တွန်းပြောကြား

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေရေးရာဆိုင်ရာအသိပညာ၊ ဗဟုသုတများရရှိပြီး လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ လူအများလိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့်စည်းကမ်းများဖြစ်ပါကြောင်း၊ နိုင်ငံတွင်အပြန်အလှန်ထိန်းကျောင်းနေသော မဏ္ဍိုင်သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် ဥပဒေသည် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်သဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ဥပဒေရေးရာဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်ထားရမည်ဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းမှ လေ့လာသိရှိခဲ့ရသည့် ဥပဒေရေးရာဆိုင်ရာ အသိပညာများကို ပြန်လည်မျှဝေဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ သို့ပါ၍ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးမည့်အကြောင်းအရာများကို ဂရုပြုမှတ်သား၍ မရှင်းလင်းသည့်အချက်ကို မေးမြန်းခြင်း၊ ထပ်မံဆွေးနွေးခြင်းတို့ဖြင့် လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်သီက ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းမှလေ့လာသိရှိခဲ့ရသည့် ဥပဒေမူကြမ်းရေးဆွဲခြင်းဆိုင်ရာများ၊ ဥပဒေ၊ နည်းဥပဒေ၊ တစ်ဆင့်ခံ ဥပဒေပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းဆိုင်ရာများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းဆိုင်ရာများ၊ ရေးထုံးဆိုင်ရာများ စသည်တို့နှင့်စပ်လျဉ်း၍ ထပ်ဆင့်မျှဝေရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ကြသည်။

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက အွန်လိုင်းမှလည်းကောင်း စုစုပေါင်း ၄၄၅ ဦး တက်ရောက်ကြသည်။

သတင်းစဉ်