Skip to main content

YGEA က အသင်းဝင်ကတ်ကို ပထမဆုံးအကြိမ်အဖြစ် Smart ကတ် ထုတ်ပေးမည်ဖြစ်ကာ ကတ်ပါ QR ကုတ်ကို စကင်ဖတ်ပြီး အတုံးအခဲလိုင်စင်နှင့် ရွှေသယ်၊ ငွေသယ်ကတ်ကို တစ်ပါတည်း ကြည့်နိုင်မည်

ရန်ကုန် မတ် ၆

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က အသင်းဝင်ကတ်ကို ပထမဆုံးအကြိမ်အဖြစ် Smart ကတ် ထုတ်ပေးမည်ဖြစ်ကာ ကတ်ပါ QR ကုတ်ကို စကင်ဖတ်ပြီး အတုံးအခဲလိုင်စင်နှင့် ရွှေသယ်၊ ငွေသယ်ကတ်ကို တစ်ပါတည်း ကြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အသင်းဝင်ကတ်အား QR Code (Smart Card)ဖြင့်ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၎င်းအသင်း ဝင်ကတ်တွင် အသင်း Profile ၊ အတုံးအခဲလိုင်စင်နှင့် ရွှေသယ်/ ငွေသယ်ကတ်ပါရှိကြောင်း မတ် ၁ ရက် တွင် အသင်း၏လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထက်တွင် အသိပေးကြေညာ ထားခြင်းဖြစ်သည်။

ထိုသို့ပါရှိမည်ဆိုခြင်းနှင့်ပတ်သက်၍ QR ကုတ် ကို စကင်ဖတ်ပါက မြင်ရခြင်းဖြစ်ပါမည်လားဟု ဆက်လက်မေးမြန်းရာ “ဟုတ်ပါတယ်။ ပထမဆုံး လုပ်တာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းသို့ အသင်းဝင်သောသူများအနေဖြင့် ရွှေအသင်းရုံး လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် ၂၀၂၄ ခုနှစ် နှစ်စဉ်ကြေးအား ရုံးသို့လူကိုယ် တိုင်လာရောက်၍သော်လည်းကောင်း၊ ဘဏ်စနစ် ဖြင့်သော် လည်းကောင်း နှစ်စဉ်ကြေးများပေးသွင်း နိုင်ကြောင်းသိရသည်။ အသင်းဝင်ကတ်အား သက်တမ်းတိုးရာတွင် UAB Pay, Onepay ဖြင့် ပေးသွင်းနိုင်ကြောင်း ယင်းအသင်းမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်းကို မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရွှေပညာဒါနသင်တန်း ပထမနေ့တွင် တရားလွှတ်တော်ရှေ့နေ ဆရာဦးကျော်ငြိမ်း၊ ဆရာမ ဒေါ်ခင်မေသန်းတို့က သင်ကြားပို့ချခဲ့ ကြောင်း သိရသည်။            

 MT