Skip to main content

ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး ပူးပေါင်းလက်တွဲမြှင့်တင်ကြိုးပမ်း

မြန်မာနိုင်ငံမှထွက်ရှိသော လယ်ယာ၊ သား၊ ငါးထွက်ကုန်များကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်တိုးချဲ့နိုင်ရေးတို့ကို ကဏ္ဍပေါင်းစုံမှ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရန်အတွက် လုပ်ထုံးလုပ်နည်း၊ မူဝါဒများ၊ စီမံကိန်းများ အဆင်ပြေ ချောမွေ့ရေးသည် အရေးပါသည့် သော့ချက်ဖြစ်သည်။

ပြည်တွင်း၌ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ပြီး ကုန်ပစ္စည်းများ ချောမွေ့ လွယ်ကူစွာ ဆောင်ရွက်နိုင်မှ တည်ငြိမ်သည့် ကုန်စည်စီးဆင်းမှု ဖြစ်လာစေမည်။ ယခုအခါ ပြည်ပဝယ်လိုအား ကောင်းမွန်လာသဖြင့် ဈေးကောင်းရသော အစေ့ထုတ် ပြောင်း၊ မတ်ပဲ စသည့်လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်း များကို တိုးချဲ့စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန် စီစဉ်ပေးနိုင်သည်နှင့်အမျှ ထုတ်လုပ်သူနှင့် ဝယ်လိုအား၊ ရောင်းလိုအား ကွင်းဆက်တစ်လျှောက် ပတ်သက်သူများအားလုံး အကျိုးအမြတ်ရကြမည့်အပြင် နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။

ပြည်ပပို့ကုန်များနှင့်ပတ်သက်၍ ကုန်သွယ်ဖက်နိုင်ငံများနှင့် လိုက်လျောညီထွေ ရှိစေရန်နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ သဘော တူညီချက်များ၊ စည်းကမ်းသတ်မှတ်ချက်များ၊ စံချိန်စံညွှန်းသတ်မှတ်ချက်များကို အပြန်အလှန်လိုက်နာကြရန်၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ သား၊ ငါးကဏ္ဍ ထုတ်ကုန်များ၏ ကုန်သွယ်မှုအခြေ အနေများနှင့် တွေ့ကြုံရသောအခက်အခဲများကို သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီး လေ့လာအဖြေရှာကြရန်၊ အမှန်လေ့လာ သိရှိရသည့် ရလဒ်များအပေါ်အခြေခံ၍ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးကို အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရေးနိုင်ငံတော်က တိုက်တွန်းထား သည်။

ကုန်စည်စီးဆင်းမှုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသောကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၁၃၀၁ ခုမှ အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၃၆ သန်း၊ တရုတ်ယွမ်ငွေ ၃၂၁ ဒသမ ၈၀ သန်းနှင့် ထိုင်းဘတ်ငွေ ၈၇၆ ဒသမ ၁၅ သန်း ရရှိခဲ့သည်။ ကာလတူဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ကုမ္ပဏီ ၂၁၅ ခုမှ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၁၄ သန်း၊ တရုတ်ယွမ်ငွေ ၁၀၉ သန်းနှင့် ထိုင်း ဘတ်ငွေ ၁၈၇ ဒသမ ၆၇ သန်း ရရှိခဲ့သဖြင့် ကာလတူထက် ကုမ္ပဏီ ၁၀၈၆ ခုမှ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၂ သန်း၊ တရုတ်ယွမ်ငွေ ၂၁၂ ဒသမ ၈၀ သန်းနှင့် ထိုင်းဘတ်ငွေ ၆၈၈ ဒသမ ၄၈ သန်း ပိုမိုရရှိခဲ့ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကို အထောက် အကူပြုခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို ၂၀၁၇ ခုနှစ်မှစတင်၍ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်း ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖြင့် ၂၀၂၃ ခုနှစ်အတွက် စီမံကိန်းလေးခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။ မြန်မာ့ လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပြည်ပပို့ကုန် သဘောတူစာချုပ်များ လက်မှတ်ရေး ထိုး၍ အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် အပင်ပိုးမွှား ရောဂါကင်း ရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်များနှင့် ဆက်လက် ရေးထိုးမည့် သဘောတူ စာချုပ်များသည် နှစ်နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် လယ်ယာ ထွက်ကုန်ပစ္စည်းများ၏ ဈေးကွက်အခွင့်အလမ်းများကို ထိရောက်စွာ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလျင် မြန်ချောမွေ့စေရေး လုပ်ထုံး လုပ်နည်းများ လေ့လာဆန်းစစ်နိုင်ရန်၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတွင် စွမ်းဆောင် ရည်မြှင့်တင်နိုင်ရန် စသည့်အချက်များ ပါဝင်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မှုများသည် စိုက်ပျိုးထုတ် လုပ်သူများ၊ ကုန်သည်များ၊ လက်ကားရောင်းချသူများနှင့် ဆက်စပ် အဖွဲ့အစည်းများအားလုံး ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုင်ရာနည်းပညာများ၊ အသိပညာများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းများကို များစွာအထောက်အကူပြု လျက်ရှိ ပါကြောင်း။    ။