နေပြည်တော် မတ် ၅
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် ဈေးကွက်ရှာဖွေရေး၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် မြန်မာနိုင်ငံရှိဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုပါဝင်လာခြင်းအားဖြင့် digital ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရန် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနနီလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်သင်ကြားပေးနေသော တက္ကသိုလ်/ ကောလိပ်များမှ ဆရာဆရာမများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများကို အွန်လိုင်းမှတွေ့ဆုံသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက်ကြသည်။
၈၃ ရာခိုင်နှုန်းကျော်တိုးတက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခြေခံဆောင်ရွက်ပြီး နိုင်ငံတော်၏နိုင်ငံခြားဝင်ငွကို ရှာဖွေပေးနေသော ကဏ္ဍကြီးများအနက် တစ်ခုပင်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမှာ ခရီးသွားဧည့်သည်များရောက်ရှိလည်ပတ်မှုအခြေအနေနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် ပြည်တွင်းခရီးသွား အရေအတွက်မှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၃ ရာခိုင်နှုန်းကျော် တိုးတက်သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေနှင့် ၃၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်ရောက်ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ပခရီးသွားဧည့်သည် ပိုမိုဝင်ရောက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သကဲ့သို့ ပြည်ဝင်ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာရေးအတွက် ခရီးစဉ်ဒေသများကြော်ငြာခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ် အမှတ်တံဆိပ်ကို ကမ္ဘာကပိုမိုသိရှိနိုင်စေရန် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန် အစိုးရနှင့်ပုဂ္ဂလိကကိုယ်စား လှယ်များပါဝင်သော ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းကဏ္ဍရှိ အစိုးရ၊ ပုဂ္ဂလိက၊ ပညာရပ်အသိုင်းအဝိုင်းနယ်ပယ်ရှိသူအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်